နေပြည်တော် ဩဂုတ် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း(မိုးစွေ)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမှတ်(၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း(မိုးစွေ) ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး တင်အောင်မြင့်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
သင်တန်းဖွင့်ပွဲအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် အမှတ်(၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(မိုးစွေ) သင်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၄/၂၀၂၄) တက်ရောက်မည့် သင်တန်းသားများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားနိုင်ရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း၊ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံသားတစ်ဦး၏ မွေးရာပါတာဝန်ဖြစ်ပြီး အဖျက်အမှောက်လုပ်ငန်းများကို ကာကွယ်ရန်အတွက် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူတို့ ပူးပေါင်းလက်တွဲပြီး ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ် ထူထောင်ခြင်းပင်ဖြစ်ကြောင်း၊ ဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်မည့်သူများအားလုံးကို အဆင့်အလိုက်၊ အရည်အချင်းအလိုက် လစာ၊ ရိက္ခာ ခံစားခွင့်အားလုံးပေးမှာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး ပညာအားလုံးကို သင်ကြားပေးမှာဖြစ်ပြီး တာဝန်ထမ်းဆောင်စေသည့်နေရာများတွင် အဆင့်အလိုက်၊ အရည်အချင်းအလိုက်၊ အတွေ့အကြုံအလိုက် ရာထူးတာဝန်ပေးပြီး တာဝန်ထမ်းဆောင်စေရမှာဖြစ်ပါကြောင်း၊ မိမိနိုင်ငံကိုမိမိ အင်အားတောင့်တင်းစွာဖြင့် ခိုင်မာစွာ ကာကွယ်နိုင်သော လုံခြုံရေး၊ ကာကွယ်ရေးကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်နိုင်သော အခြေအနေမျိုးရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရရပ်တည်မြဲမြန် စေရန်အတွက် စောင့်ထိန်းရမယ့် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ်၊ ပြည်သူ့လုံခြုံရေးစနစ် စတင်ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြမယ့် မျိုးဆက်သစ် လူငယ်ရဲဘော်များ အားလုံးကို လေးစားဂုဏ်ယူပါကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက သင်တန်းသားများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄/၂၀၂၄)မှ သင်တန်းသားများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက သင်တန်းသားများအတွက် စားသောက်ကုန်ပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြရာ ခေတ္တကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူတကွ နံနက်စာသုံးဆောင်ကြပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃/၂၀၂၄)မှ သင်တန်းသားများအား သေနတ်ပစ်ခတ်လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး သင်တန်းသားများအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းတို့က ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)