မိတ္ထီလာ သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထပ်တိုး အကောင်အထည်ဖော်ဆောင်ရွက်မည့် မုန်တိုင်ကျေးရွာအုပ်စု၊ မုန်တိုင်ကျေးရွာ၌ (VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ ကော်မတီဝင်များ၏တာဝန်များ၊ အကျုံးဝင်သောစီမံကိန်းလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဝင်းခိုင်ဦးက လက်စွဲပါစာစောင်နှင့်အညီ ကျေးရွာသူ/ကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင် ၁၁ ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
မိတ္ထိလာမြို့နယ် မုန်တိုင်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ထပ်တိုးကျေးရွာ ထောက်ပံ့ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)