ညောင်ဦး ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေးလာရောက်ခဲ့ပါက ပုဂံဒေသရှိသမိုင်းအထင်ကရဘုရားများကို ဖူးမြော်ပြီး သဒ္ဒမ္မရံသီဂူဘုရားအတွင်း အေဒီ ၁၁ ရာစုတွင် ရေးဆွဲထားသည့် နံရံဆေးရေးဗုဒ္ဓဆင်း တုတော်များကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။
သဒ္ဒမ္မရံသီဂူဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီများသည် အေဒီ ၁၁ ရာစုတွင်ရေး ဆွဲခဲ့သည့် နံရံပန်းချီများဖြစ်ပြီး အရှေ့ဘက်မုခ်လှည့်ဂူဘုရားတစ်ဆူဖြစ်ကာ ဂူဘုရားအတွင်း ပလ္လင်တော်ပေါ်၌ အရှေ့ဘက်မျက်နှာမူထိုင်တော်မူဆင်းတုတော် တစ်ဆူတည်းထားပြီး မုခ်အဝင်ပေါက်အမိုးခုံးမှ အောက်ခြေအထိ နံရံဆေးရေးပန်းချီ ဗုဒ္ဓဆင်းတုတော် ပုံများ နေရာမလပ် ရေးဆွဲထားသည်ကို တွေ့ရှိလေ့လာနိုင်ကာ ထိုင်တော်မူဆင်းတုတော်၏ နောက်ဘက် ပလ္လင်တော်၌ မဟာဗောဓိပင်ကို ဆေးအစိမ်းရောင်၊ အညိုရင့်ရောင်တို့ဖြင့် ရေးဆွဲထားကာ ပလ္လင်တော်၏နောက်ဘက်တွင် ဗုဒ္ဓမြတ်စွာဘုရား မြင်းမိုရ် တောင်ခေါင်းအုံး၍ ကြိမ်းနေဟန်၊ နံရံပန်းချီပုံနှင့် ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူဟန်တို့အား လက်ရာမြောက်စွာ ရေးဆွဲထားသည်ကို လေ့လာကြည့်ရှုနိုင်သည်။
သဒ္ဒမ္မရံသီဂူဘုရား၏ မြောက်ဘက်တွင် ရှင်အဇ္ဇဂေါဏဘုရား၊ အနောက်မြောက်ဘက်တွင် ဝိနည်းဓိုလ်ဘုရား၊ တောင်ဘက်တွင် ဘုရားသုံးဆူနှင့် အနောက်ဘက်တွင် မလာဖြစ်၊ မလုံးဖြစ်ဂူ ဘုရားတို့အား တဆက်တည်း လေ့လာဖူးမြော်နိုင်ကြောင်း သိရသည်။
ဒီပါလင်း