ငါန်းဇွန် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၏ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့ ညနေ ၃နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆီထွက်သီးနှံ(မိုးမြေပဲ)စီမံကိန်း ဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးပြီး မျှော်မှန်းအထွက် တိုးတက်ရရှိစေရေး နည်းလမ်းများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် သွင်းအားစုလုပ်ငန်းရှင်မှ တောင်သူများအား ပံ့ပိုးပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းမှ မိုးသီးနှံ ပန်းတိုင်အထွက် ရရှိရေး ဆောင်ရွက်မည့် တောင်သူများအား သွင်းအားစုပစ္စည်းများကို လည်းကောင်း ပေးအပ်ခဲ့ပြီး တက်ရောက်လာသော တောင်သူများအား လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ သွင်းအားစုအဖွဲ့နှင့် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့များ၊ တောင်သူအစုအဖွဲ့များနှင့် စိုက်ပျိုးတောင်သူများ စုစုပေါင်း (၅၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)