ရှမ်းပြည်နယ်ဝန်ကြီးချုပ် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲ တက်ရောက်ချီးမြှင့်

ဟိုပုံး ဩဂုတ် ၅

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက တပ်မတော်ကွန်ပျူနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ တာဝန်ရှိသူများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများက နိုင်ငံတော်အလံအားအလေးပြုကြပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်က အဖွင့်မိန့်ခွန်းပြောကြားပြီး၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ဘုရင့်နောင်အားကစားခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄/၂၀၂၄)သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က “မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံနေထိုင်သော နိုင်ငံဖြစ်၍ တိုင်းတစ်ပါးများ၏ မြှောက်ထိုးပင့်ကော် ကျူးကျော်မှုများရှိသဖြင့် နိုင်ငံကိုကာကွယ်ရန်အတွက် ယခုလိုသင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း အသက်(၁၈)နှစ်ပြည့်ပြီးပါက စစ်မှုူထမ်းရသည့်အတွက် ဂုဏ်ယူမှုတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ့သားကောင်းပီသအောင် တာဝန်ထမ်းဆောင်ပေးကြရန်၊ မိမိနိုင်ငံကို တိုင်းတစ်ပါးမှ ကျူးကျော်လာပါက တွန်းလှန်တိုက်ခိုက်ပေးကြရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားပေးသည့် စစ်ပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကောင်းသည့် စစ်သည်ကောင်းတစ်ယောက် ဖြစ်လာစေရေးအတွက် ကြိုးစားလေ့ကျင့်ကြရန်လိုအပ်ကြောင်း” ပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ကြီးက လက်ခံရယူကြောင်းနှင့် အဆိုပါပြည်သူ့စစ်မှုထမ်းသင်၀ာန်းအမှတ်စဥ်(၄/၂၀၂၄)တွင် ရှမ်းပြည်နယ်မှ (၁၀၈)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၁၄၆)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၇၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ(၁၁၈)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၅၇)ဦး၊ စုစုပေါင်းသင်တန်းသား(၅၀၁)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)