တပ်ကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားပန်းရံသင်တန်း ဖွင့်လှစ်သင်ကြား

တပ်ကုန်း ဩဂုတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားပန်းရံသင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက လက်သမားပန်းရံသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်သင်ကြားမည့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၄၀ အကုန်ကျခံပြီး သင်တန်းကာလ ဩဂုတ် ၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ သင်တန်းနည်းပြဆရာများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ၂၇ ပေ၊ ၁၈ ပေ၊ ၉ ပေ အဆောက်အဦတစ်လုံးကို စာတွေ့၊ လက်တွေ့သင်ကြာပြမှုပညာရပ်များဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်