ကလော ဩဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ဟဲဟိုးမြို့ အ-ထ-က (၄)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်သိင်္ဂီအောင်က မေတ္တာဖြန်းမှလန်းဆန်းမယ် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဦးလင်းဇော်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဝါသနာရှင်အဆင့်၊ မဟာဂီတအသက်(၁၀)နှစ်မှ (၁၅)နှစ်ကျား/မ၊ မဟာဂီတအသက်(၁၅)နှစ်မှ (၂၀)နှစ် ကျား/မ၊ ကာလပေါ်တေးသီချင်း အသက်(၁၀)နှစ်မှ(၁၅)နှစ်၊ ကျား/မ၊ ကဗျာလွတ်အဖွဲ့လိုက်၊ တပင်တိုင်အက၊ တိုင်းရင်းသားရိုးရာအက အဖွဲ့လိုက်ယှဉ်ပြိုင်ခဲ့ကြပြီး စန္ဒယားအတီးပြိုင်ပွဲ၊ ပတ္တားအတီးပြိုင်ပွဲများ ယှဉ်ပြိုင်ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက် ဟဲဟိုးမြို့ အ-ထ-က (၄)ကျောင်းမှ အထက်တန်းပြဆရာမဒေါ်သိင်္ဂီအောင်က မြန်မာ့စိတ်ရင်းမြန်မာ့ရူခင်း တေးသီချင်းဖြင့် ဖျော်ဖြေဧည့်ခံခဲ့ပြီးဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ အဆိုပါပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးလင်းဇော်ထွေး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)