နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး လယ်ဝေးမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ ယာယီကမ်းထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေကြီးနစ်မြုပ်ခဲ့သည့် စပါးခင်းများအား သွားရောက်ကြည့်ရှု

လယ်ဝေး သြဂုတ် ၅

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ် ကြက်သွန်ခင်းကျေးရွာ၊ ပလွေးချောင်းရေတိုက်စားခြင်းမှ ကာကွယ်ရန်အတွက် ယာယီမြေထိန်းနံရံဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးသည်။

နေပြည်တော်ကောင်စီဝင်များ၏ ဦးဆောင်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ညွှန်ကြားရေးမှူး၊ မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် ပြည်သူများက ကြက်သွန်ခင်းကျေးရွာ ပလွေးချောင်းရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရေးအတွက် အရေးပေါ်​ယာယီကမ်းပါးမြေထိန်းခြင်းလုပ်ငန်းဆောင်ရွက်ရန်  မျှောတိုင်များစုစည်းခြင်း၊ သဲအိတ်ထည့်ခြင်း၊ သစ်ကိုင်းများ ခုတ်ယူစုပုံခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကြက်သွန်ခင်းကျေးရွာ ကမ်းပါးထိန်းခြင်းလုပ်ငန်း ဆောင်ရွက်​နေသူများအတွက် နေပြည်တော်ကောင်စီမှ ဆန် ၂၄ ပြည်အိတ် သုံးအိတ်၊ ဆီ ၅ ပိဿာတစ်ပုံး၊ ကြက်ဥ အလုံး ၁၀၀ တို့အား ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့မှလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုမှ အချိုရည်နှင့် မုန့်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေသန့်ကတ်များလည်းကောင်း၊ ဘေးစီမံဦးစီးဌာနမှ အသက်ကယ် အင်္ကျီအထည် ၂၀ နှင့် အသက်ကယ်ကြိုး ၁၀ ချောင်းတို့အားလည်းကောင်း တာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ယနေ့တွင် ချောင်းရေစီးဆင်းမှုများပြား၍ ကမ်းထိန်းလုပ်ငန်းအား သြဂုတ် ၅ ရက်နေ့ သတ်မှတ်ရေကျချိန်မှသာ water jet ဖြင့် မျှောတိုင်စိုက်ခြင်း၊ အလေးဝင် သဲအိတ်/သစ်ကိုင်းကြိုးဆွဲခြင်းလုပ်ငန်းများအား မြစ်ချောင်းဖြိုးဦးစီးဌာနမှ ကျွမ်းကျင်သူများက ဦးဆောင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယခင်ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ပိတောက်ချောင်ကျေးရွာအုပ်စုနှင့် စိုင်ခေါင်းရိုးကျေးရွာအုပ်စုတို့ရှိ စိုက်ခင်းများ ရေပြန်လည်ကျဆင်းနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုကာ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)