ဝါတွင်းကာလ တတိယဆွမ်းလောင်းပတ်အဖြစ် ဓမ္မာရုံဘုရားများတွင် ဆွမ်းလောင်းလှူ ကုသိုလ်ယူသူများဖြင့် စည်ကား

ကျောက်ပန်းတောင်း ဩဂုတ်  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံဘုရားများတွင် ဝါတွင်းကာလတတိယ ဆွမ်းလောင်းပတ်အဖြစ် ဆွမ်း/ဆွမ်းဟင်း လောင်းလှူကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်ကြီး ၁၂ ရပ်ကွက်ရှိရာ ရပ်ကွက်အသီးသီး၌ ဆွမ်းလောင်းဓမ္မာရုံများရှိကြသဖြင့် ဝါတွင်းကာလတွင် ရပ်ကွက်နေပြည်သူများက ဆွမ်းကို ဝါတွင်းပတ်တိုင်းလောင်းလှူ နိုင်ကြသလို၊ ဆွမ်းဟင်းကို နယ်မြေအလိုက် အလှည့်ကျလောင်းလှူ၍ ကုသိုလ်ယူကြသည်။ အဆိုပါ ဆွမ်း/ ဆွမ်းဟင်းများလောင်းလှူခြင်းကို ဓမ္မာရုံများတွင် အကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက ဦးဆောင် ကျင်းပကြခြင်းဖြစ်ပြီး၊ အလှူခံကြွရောက်လာသည့်လာသည့် ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ၊ ရှင်သာမဏေများက မိမိတို့ကျောင်းတိုက်များမှ ဝေယျာဝစ္စဆောင်ရွက်သူများနှင့်အတူ အလှူခံကြွရောက်ကြရခြင်းဖြစ်ပြီး၊ ဆွမ်းဟင်းများကို မိမိတို့ ကျောင်းရှိ သံဃာစာရင်းအလိုက် အလှူခံကြရကြောင်းသိရ သည်။ ရပ်ကွက်နေပြည်သူများကလည်း ဆွမ်းဟင်းလောင်းလှူရသည့် ဆွမ်းပတ်ရောက်သည့် အခါတိုင်း လောင်းလှူရမည့် ကျောင်းတိုက်/သံဃာအရေအတွက်ထက် ပိုမို၍ချက်ပြုတ်ကြရပြီး၊ ဆွမ်းဟင်းလောင်းလှူခြင်းပြီးစီးပါက မိမိတို့အနီး ပတ်ဝန်းကျင်းမှ အိမ်နီးချင်းများအား ဟင်းတစ်ခွက်လှည့်လည်ပေး၍ မျှဝေစားသောက်ကြသည့် ချစ်စရာဓလေ့တစ်ခုလည်း ယနေ့တိုင် စွဲမြဲစွာကျင့်သုံးလျက်ရှိနေကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)