မိုးနဲမြို့နယ် ကုန်းကျောင်းကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မိုးနဲ ဩဂုတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၇ ဒသမ ၄၆၆ သန်းဖြင့် ကွန်နားကျေးရွာအုပ်စု၊ ကုန်းကျောင်းကျေးရွာကုန်ထုတ်လမ်း အရှည်နှစ်မိုင်၊ အကျယ် ၃၂ ပေ နှင့် လမ်းဘေး(ဝဲ/ယာ) ရေမြောင်းအနက်နှစ်ပေ၊ အကျယ်နှစ်ပေဆောင်ရွက်နေမှုကို နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအာကာဖြိုးက ရှင်းလင်းလင်ပြရာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က လုပ်ငန်းများအချိန်မီပြီးစီးရေး၊ သတ်မှတ်အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးရွာကုန်ထုတ်လမ်းပြီးစီးသွားပါက ကျေးရွာနေ အိမ်ခြေ ၇၀ အိမ်၊ အိမ်ထောင်စု ၇၅ စု၊ လူဦးရေ ၃၅၇ ဦးနှင့် ၎င်းတို့စိုက်ပျိုးထားသော စိုက်ဧက ၅၂၅ ဧကအတွက် လမ်းပန်းဆက်သွယ်ရေး၊ လူနေမှုအဆင့်နှင့် ကုန်စည်စီးဆင်းမှုများ မြန်ဆန်လွယ်ကူလာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)