ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်း

ကြံခင်း ဩဂုတ် ၅

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ကြံခင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန) က စေတနာ၊ မေတ္တာအပြည့်ဖြင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထုတ်ပိုးနေမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဧရာဦးခန်းမတွင် ပြုလုပ်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ မိသားစုစည်းရုံးရေး နှင့်စည်းကမ်း ထိန်းသိမ်းရေးကောင်မတီ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးနီတူခြောက်ကြော် (၅၀) ထုပ်၊ ငံပြာရည်ကြော် (၁၀၀)၊ ငါးပိကြော် (၁၀၀) ထုပ် စုစုပေါင်းအမယ် (၃) မျိုးအား (၁) ထုပ်လျှင် ၁၀ ကျပ်သားစီ ၂၅၀ ထုပ်ကို တစ်ပျော်တစ်ပါး ပူးပေါင်းထုတ်ပိုးပြင် ဆင်ပြီးပေးပို့ လှူဒါန်းသွားမည့်အပြင် ရှေ့တန်းရောက် တပ်မတော်သားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိပြီး အနန္တောအနန္တငါးပါးတို့၏ ဂုဏ်ကျေးဇူးတို့ကြောင့် ဘေးအန္တရာယ်ကင်းရှင်းကြပါစေ၊ အစစအရာရာအဆင်ပြေချော့မွေ့ကြပါစေ၊ “တရားသောစစ် အောင်မြင်ပါစေ” အစရှိသည့် ဆုတောင်းမေတ္တာစာလွှာများကိုပါ ထည့်သွင်းပေးပို့သွားမည်ဖြစ်ရာ ၎င်းဆောင်ရွက် နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ စားသောက်ဖွယ်ရာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတဆင့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း

ကြံခင်း (ပြန်/ဆက်)