ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၁)တိုးချဲ့ရပ်ကွက် ဦးဝိစာရလမ်းတွင် မီးလောင်မှုဖြစ်ပွား

ဒဂုံမြောက် ဩဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)တိုးချဲ့ရပ်ကွက်၊ ဦးဝိစာရလမ်းတွင် တိုက် (၂/E-1)ရှိ မြေညီထပ်တွင် ဖွင့်လှစ်ထားသော မြိုင်ကြေးအိုးဆီချက်ဆိုင်တွင် ယမန်နေ့ နံနက် (၁၁:၁၅) နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ရာ  နံနက် (၁၁:၂၄)  နာရီအချိန်ခန့်တွင် မီးငြိမ်းသွားကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ  မြိုင်ကြေးအိုးဆီချက်ဆိုင်တွင် ဂတ်စ်အိုးလဲလှယ်စဉ် ဂတ်စ်ဘားပွင့်၍ အငွေ့ထွက်ရာမှ အနီးရှိသုံးစွဲလျက်ရှိသော မီးဖိုမှအပူကူးစက်ပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် ဆိုင်ပိုင်ရှင် ဦးနိုင်ဦး၏ ဝဲဘက်မျက်နှာ၊ ဝဲဘက်တံတောင်၊ ဝဲဘက်ဒူးတို့ အနည်းငယ်ဒဏ်ရာရရှိ(မစိုးရိမ်ရ)ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရှိရသည်။

အဆိုပါမီးလောင်မှုကြောင့် မြိုင်ကြေးအိုးဆီချက်ဆိုင်ပိုင်ရှင်အား ဒဂုံမြောက်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

မြင့်မြင့်ရီ