ဒဂုံမြောက် ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ စာမေးပွဲအသီးသီးတွင် ဖြေဆိုအောင်မြင်ကြသော စာအောင်သံဃာများအား ဂုဏပူဇာမင်္ဂလာနှင့် ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို (၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားအား နမောဒဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ၁၁ ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တဣန္တပါလထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမာဘိဝံသနှင့် ဦးဓမ္မိကတို့ဦးဆောင်သော ကိုရီးယားဗုဒ္ဓဘာသာဝင်များလှူဒါန်းသော ငွေကျပ် သိန်း(၆၀)ကို ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ရှိ ပြည်သူများအား တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တဣန္တပါလထံ ပေးအပ်လှူဒါန်းပြီး အခမ်းအနားမှူးမှ အလှူရှင်များစာရင်းအား ဖတ်ကြားတင်ပြသည်။
ထို့နောက် တိပိဋကဓရဆရာတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် ဥပါသကာများမှ နဝကမ္မ ကျပ်တစ်သိန်းနှင့် ဝါဆိုသင်္ဃန်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ စာအောင်သံဃာတော်များ လှူဖွယ်ဝတ္တုများနှင့် နဝကမ္မများကို အလှူရှင်များက ဆက်ကပ်လှူဒါန်းရာ အင်္ဂုတ္တရနိကာယမာမကဘွဲ့ရတစ်ပါး၊ အင်္ဂုတ္တရဝိဒူ(၂)ကျမ်းအောင် နှစ်ပါး၊ ဝိနယဝိဒူဘွဲ့ရ လေးပါး၊ ဝိနယဝိဒူ (၄)ကျမ်းအောင် တစ်ပါး၊ ဝိနယဝိဒူ (၃)ကျမ်းအောင် တစ်ပါး၊ ဝိနယဝိဒူ (၂)ကျမ်းအောင် တစ်ပါး၊ ဝိနယဝိဒူ (၁)ကျမ်းအောင် သုံးပါး၊ ပထမလတ်တန်းအောင် (၁)ပါး၊ ပထမငယ်တန်းအောင် (၆)ပါး၊ အခြေပြုမူလတန်းအောင် (၁၁)ပါးတို့အား တာဝန်ရှိသူများမှ အသီးသီးဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။
ထို့နောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ ဣန္တပါလမှ သင်္ဃန်းလှူဒါန်းရသော အကျိုးအနုမောဒနာတရား ဟောကြားတော်မူပြီး ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ