တောင်ကြီး သြဂုတ် ၅
နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်များကို နိုင်ငံ၏အသက်ဖြစ်သည့် ဥပဒေအသိပညာများပြန့်ပွားစေရန်နှင့် လူငယ်၊ ကျောင်းသား၊ ကျောင်းသူများကို ဥပဒေနှင့်ပတ်သက်သော အသိပညာများ သိရှိလိုက်နာစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၊ တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ဥပဒေ အသိပညာပြန့်ပွားရေးသင်တန်း၊ အမှတ်စဥ်(၄/၂၀၂၄)ကို သြဂုတ်လ(၃)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆရာ အတတ်ပညာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဖြစ်လာသည့်အခါ ဥပဒေရေးရာအသိပညာများကို သိရှိပြီးလေးစားလိုက်နာဆောင်ရွက်နိုင်ရန် အထူးလိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံ၏ဥပဒေရေးရာများကို သေချာစွာသိရှိနားလည်ပြီး နိုင်ငံတာဝန်ကျေပွန်စေရန် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံ၏အနာဂတ်ဖြစ်သည့် လူငယ်များကို ဥပဒေအသိပညာများကို ပြန့်ပွားစေရန် ပို့ချပေးမည့် ရှမ်းပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေချုပ်ရုံးမှ ပညာရှင်များ၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တောင်ကြီးတက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခဆရာမကြီးတို့ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းပို့ချပေးမည့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေချုပ်ရုံးနှင့် တောင်ကြီးတက္ကသိုလ် ဥပဒေပညာရှင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဥ်(၄/၂၀၂၄)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဘာသာရပ်များကို သြဂုတ်လ (၃)ရက်မှ(၁၀)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)