တွံတေးမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေး Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

တွံတေး သြဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူတို့၏ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဥ်ဖြင့် တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်တွင် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျွန်းတောရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် တွံတေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်းက အမှာစကားပြောကြားပြီး သန်လျင်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးက သင်တန်းမှရရှိသော အတတ်ပညာများ တိုးပွားလာစေရန်၊ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဉ်ဖြစ်သည့်အတွက် သင်ကြားပေးထားသော အတတ်ပညာများ ဆက်လက်လေ့လာကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်းက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တက်ရောက်လာသူများက သင်တန်းသား၊ သင်တန်းသူများ၏ လက်ရာဖြစ်သော မုန့်များအားကြည့်ရှုခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ဇူလိုင်လ (၂၉) ရက်နေ့မှ သြဂုတ်လ (၄) ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ(၁၆)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။     

မျိုးလှိုင် (တွံတေး)