တာချီလိတ် ဩဂုတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ဓမ္မာရုံတွင် စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ ငွေတောင်ဦး ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကုဝေရက အောင်ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ပြီး မဟာဂန္ဓာရုံရွှေစေတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဏ္ဍလ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်သော အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။
ထို့နောက်တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တကုသလ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ပြုပြုသမျှသော ကိုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ စတုတ္ထအကြိမ်မြောက် နေ့/ည အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ် ၄ ရက်နေ့အထိ ၅ ရက်တိုင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ဓမ္မာရုံတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ ခေတ္တ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုတို့ ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)