ပေါင်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိ

ပေါင် ဩဂုတ် ၄   

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်များအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပေါင်မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံမှ သိရသည်။

နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့် ညီညွတ်သောသီးနှံဖြစ်သည့်အတွက် ပြည်သူများက အကြိုက်တွေ့ဝယ်ယူ စားသုံးကြကြောင်း၊ နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတု စိုစွတ်အေးမြသောနေရာတွင်သာ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှုရှိကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်အကြာတွင် ရောင်းတန်းဝင် နဂါးမောက်သီးများကို စတင်ဆွတ်ခူးရောင်း ချရကြောင်းနှင့် တစ်နှစ်လျှင် ငါးကြိမ်ခန့် အသီးများ လှိုင်လှိုင်သီးကြောင်း၊ ရောင်းချရာ၌ဈေးနှုန်းအနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်ပြီး အလုံးကြီးပါက တစ်လုံးလျှင် ငွေကျပ် (၃၀၀၀)ခန့် ရောင်းချ ရပြီး အလုံးသေးပါက တစ်လုံးလျှင် ငွေကျပ် (၂၅၀၀)၊ (၂၀၀၀)နှုန်း ရောင်းချရကြောင်း ပေါင်မြို့နယ် ၊ အလှပ်ကျေးရွာမှ တစ်ပိုင်တနိုင် နဂါးမောက်သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူ တစ်ဦးက ပြောသည်။

နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် နှစ်ရှည်သီးနှံဖြစ်၍ ဂရုတစ်စိုက် ပြုစုပျိုးထောင် စိုက်ပျိုးပါက မိသားစုဝင်ငွေတိုးပွားစေမည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုး ရာတွင် အတန်းလိုက်စိုက်ပျိုးရပြီး တစ်ပင်နှင့်တစ်ပင် အနည်းဆုံး ခြောက်ပေကွာ စိုက်ပျိုး လေ့ရှိကြောင်း၊ အသီးအပွင့်များ စတင်ထွက်ရှိလာပါက စင်များပြုလုပ်ပေးရကြောင်း ၊ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီး ဟူ၍ (၂)မျိုးရှိပြီး အဖြူသီးသည် ချိုပြီးအရသာရှိကာ အနီးသီးသည် ကျန်းမာရေးအတွက် ဆေးဘက်ဝင်၍ ပုံမှန်မှီဝဲ စားသုံးပါက အစာချေဖျက်အား ကောင်းပြီး ဆီး၊ ဝမ်း မှန်စေသည့်အပြင် သွေးတိုး၊ ဆီးချိုရောဂါရှိသူများ စားသုံးပါက ကျန်းမာရေးကောင်းမွန်စေကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)