မိုင်းခတ်မြို့၌‌ ချောင်းရေကျဆင်း၍ ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ ယခင်အတိုင်း သွားလာလျက်ရှိ

မိုင်းခတ် ဩဂုတ် ၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဩဂုတ် ၁ ရက်နေ့ ညနေပိုင်းက နမ့်လွေချောင်းရေမှတစ်ဆင့် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းသွားလမ်းမပေါ်သို့ ရေကျော်ခဲ့ရာ ယနေ့နံနက်တွင် ရေများပြန်လည်ကျဆင်း၍ ခရီးသွားပြည်သူများ၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ ယခင်အတိုင်း ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်း မိုင်တိုင်အမှတ် 74KMနှင့် 75KMအကြား လမ်းအရှည်ပေ (၁၅၀) ခန့်ရှိ လမ်းမပေါ်သို့‌ ရေ (၁) ပေခွဲခန့်နှင့် 74.5KMနှင့် 75KMအကြား လမ်းအရှည်ပေ (၃၀၀) ခန့်ရှိ လမ်းမပေါ်သို့ ရေ (၄) ပေခန့် မြင့်တက်လာမှုကြောင့် ဩဂုတ်လ (၂) ရက်နေ့နှင့် (၃) ရက်နေ့တွင် မော်တော်ယာဉ်သွားလာမှုများ ခေတ္တရပ်နားထားခဲ့ရသည်။

အဆိုပါလမ်းရေကျော်မှုတွင် စစ်ဗျူဟာအ‌ဖွဲ့ (အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်အေးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးတို့၏ စီမံမှုဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စက်တပ်လှေငယ်များဖြင့် ခရီးသွားပြည်သူများ၊ မော်တော်ဆိုင်ကယ်များအား သယ်ယူပို့ဆောင်ပေးခြင်း၊ ထမင်းဘူးနှင့် ရေဘူးများ ဝေငှခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ချောင်းရေများ ပြန်လည်ကျဆင်းသွား၍ ယနေ့နံနက် (၇) နာရီအချိန်တွင် ယခင်အတိုင်း ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ပြန်လည်ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)