တာချီလိတ်မြို့၌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပေးနိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်

တာချီလိတ် ဩဂုတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းကြောင့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အများပြည်သူများ သိရှိလိုက်နာရန် ရေဘေးအန္တရာယ်အသိပညာပေးနိူးဆော်ခြင်းများကို ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့အသိပေးနိုးဆော်ဆောင်ရွက်ရာ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းသက်သာစေရန် မိသားစုအရေးပေါ် ရွေ့ပြောင်းနိုင်ရန် နေရာလမ်းကြောင်းနှင့် ဆုံရပ်များကို ကြိုတင်သတ်မှတ်၍ အသိပေးဆောင်ရွက်ကြရန်၊ ရေစိုပျက်စီးနိုင်သော ပစ္စည်းများနှင့် အရေးကြီးစာရွက်စာတမ်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရှိရန်၊ သောက်သုံးရေများကို ကြိုတင်စုဆောင်းထားရှိရန်၊မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း၊ အစရှိသည့် ရေလွှမ်းမိုးပါကအန္တရာယ်ဖြစ်စေနိုင်သောနေရာများကို မြင်သာသော အမှတ်အသားထားရှိရန်၊ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားကြရန်၊ လျှပ်တစ်ပြတ်ရေကြီးပါက အရေးပေါ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်တစ်ပါတည်း အတူထားရှိရန်နှင့် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့ခိုလှုံရန် လိုအပ်ပါက ခရိုင်အားကစားရုံ၊ မိုးလုံလေလုံခန်းမ၌ ပြင်ဆင်ဆောင်ရွက်ထားပါကြောင်း အသိပေးနိူးဆော်ခဲ့ကြကြောင်း သိရှိရပါသည်။

အေးအေးလတ်