ညောင်ရွှေ ဩဂုတ် ၄
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၏(၂၅)ကြိမ်မြောက် (ငွေရတု)အထိမ်းအမှတ် မြို့နယ်အဆင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယမန်နေ့နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးခင်နိုင်၊ ညောင်ရွှေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြား ခဲ့သည်။
ထို့နောက် ထပ်အိမ်ဂူမူလွန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူလေးများ ဆိုင်းအဖွဲ့က ဖြော်ဖြေတင်ဆက်ခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်ဇော်မင်း တို့က ပြိုင်ပွဲနှင့်ပက်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက်ပြိုင်ပွဲကိုစတင်ပြုလုပ်ရာ ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တစ်ဦးချင်းပြိုင်ပွဲဝင်များ၊ ဆိုင်းအဖွဲ့၊ ကဗျာလွတ်အကအဖွဲ့နှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များက မိမိတို့ပြိုင်ပွဲဝင်မည့် ကဏ္ဍအလိုက် အသီးသီးတီးမှုတ်၊ ကပြ၊ သီဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ