ရန်ကင်း သြဂုတ် ၄
သာသနာတော်သက္ကရာဇ် ၂၅၆၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့်ကျော် (၁၄)ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်၊ ယမန်နေ့ နံနက် (၉) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက် မိုးကောင်း ဆုတောင်းပြည့် စေတီတော်ဝင်းအတွင်းရှိ အရိယာဓမ္မာရုံကြီးတွင် ပထမအကြိမ် ရန်ကင်းမြို့နယ်လုံးဆိုင်ရာ၊ ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က ပဥ္စနိကာယသာသနာ့ဗိမာန် ကျောင်းတိုက်ကြီး၏ စာချနာယကဆရာတော်၊ ရန်ကင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တသုစိတ္တသာမိ ဆရာတော်ထံမှ (၅) ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော် ကိုချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ရန်ကင်းမြို့နယ် မိုးကောင်းဆုတောင်းပြည့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဥက္ကဋ္ဌဦးချိုလေး၊ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်တို့၏ ဦးဆောင်မှုဖြင့် သင်္ဃန်းကျွန်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့်ဇနီး၊ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီး သက်တင်အောင်နှင့် ဇနီးဂေါပကအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ ဌာနဆိုင်ရာအကြီး အကဲများက ရန်ကင်းမြို့နယ်အတွင်းရှိ သြဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်အတွင်း ရှိကျောင်းတိုက်များ၏ ပဓာနနာယကဆရာတော်ကြီးများကို ဝါဆိုသင်္ဃန်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပဥ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(အဖွဲ့ဝင်) မိုးကောင်းဆုတောင်းပြည့် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝာစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သ.စ.သ.အ ဓမ္မာစရိယ၊ ဝိနယပါဠိပါရဂူ၊ ဘဒ္ဒန္တပညာသီဟာဘိဝံသ မဟာထေရ်မြတ်က အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း ချအမျှပေးဝေခဲ့သည်။
အဆိုပါ ရန်ကင်းမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲသို့ ရန်ကင်း မြို့နယ်အတွင်းရှိ သြဝါဒါစရိယ ဆရာတော်ကြီး(၁၈)ပါး၊ ကျောင်းထိုင် ပဓာနနာယက ဆရာတော် (၄၅)ပါး စုစုပေါင်း ဆရာတော်သံဃာတော်(၆၃)ပါး ကြွရောက်တော်မူခဲ့ကြပြီး ရန်ကင်းမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား အောင်မြင်စွာကျင်းပခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)