နေပြည်တော် ဩဂုတ် ၄
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယမန်နေ့ညနေပိုင်းက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့်နေပြည်တော်အဆင့်ဌာနဆိုင်ရာတို့မှ ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းမိသားစုများ ကိုယ်တိုင်စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ကြော်လှော်၊ ပြင်ဆင်ထုပ်ပိုးနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က လိုက်လံကြည့်ရှုအားပေးသည်။
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာတို့မှ ဝန်ထမ်းမိသားစုများနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် ရှုးရှဲလက်ဖက်၊ အကြော်စုံ၊ ချဉ်ပေါင်ကြော်၊ သရက်သီးစိမ်း ငါးပိချက်၊ ဂွေးသီး အညာချက်၊ မြေပဲဆံကြော်၊ မားမားခေါက်ဆွဲ ခြောက်၊ ငံပြာရည်ကြော်ဘူး၊ ပဲကြီးကြော်၊ ငါးပိကြော်၊ လက်ဖက်ထောင်း၊ ငနီတူးခြောက်ကြော်၊ အာလူးကြော်၊ ဆီတို့ဟူးကြော်၊ ငါးခြောက်ထုပ်၊ ငါးပိထောင်း၊ ဗရာလုံးကြော်၊ ပဲလှော်ငါးခြောက် ကြော်၊ ကော်ဖီမစ်၊ တီးမစ်စသည့် ပစ္စည်းစုစုပေါင်း ၂၀ မျိုးကို လှူဒါန်းနိုင်ရေး ဝိုင်းဝန်းပြင်ဆင် ဆောင်ရွက်ခဲ့ကြပြီး စားသောက်ဖွယ်ရာများနှင့်အတူ “ရှေ့တန်းရောက် တပ်မတော်သားအားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ၏ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ် ကင်းရှင်းပါစေ၊ “တရားသောစစ် အမြန်ဆုံးအောင်မြင်ပါစေ။ တပ်မတော်သားများရဲ့အောင်မြင်မှု ပြည်သူလူထုရဲ့ ငြိမ်းချမ်းမှုတွေကို စောင့်မျှော်လျက် တပ်မတော်သားများကို ချစ်တဲ့ပြည်သူတွေ အများကြီးရှိနေပါတယ်။ တပ်မတော်သားများရဲ့ အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ။ တပ်မတော်သားများ စစ်မြေပြင်မှအန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လာနိုင်ပါစေ”စသည့် ဆုတောင်းမေတ္တာ စာလွှာများကို ထည့်သွင်းပေးပို့ကြကြောင်း သိရသည်။
ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတို့မှ ဝန်ထမ်းမိသားစုများကပေးအပ်လှူဒါန်းသည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ်သိန်းတစ်ရာငါးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ သွားရောက်ပေးအပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်စိုးမင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)