ကျောက်ဆည် ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အမှတ်(၁) အ.ထ.က (၃)ထပ်အဆောင်ခန်းမတွင် အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် အောင်မြင်ချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ရေး အခမ်းအနားမှူး သင်တန်းကို ယနေ့နံနက်ပိုင်း(၁၀)နာရီက ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အခမ်းအနားမှူးသင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အခမ်းအနားမှူးအဓိပ္ပာယ်နှင့် အခမ်းအနားမှူး တစ်ယောက်တွင် ရှိရမည့် အရည်အချင်းများဖြစ်သည့် သတ္တိ၊ သတိ၊ သိတတ်မှုများ၊ ရုပ်ပိုင်းဆိုင်ရာများဖြစ်သည့် မျက်နှာ၊ ဆံပင်၊ ဝတ်စားဆင်ယင်ချယ်သမှု၊ ကိုယ်ဟန်အမူအယာ၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာများ၊ အသံပိုင်းဆိုင်ရာများဖြစ်သည့် စကားပြော၊ လေယူလေသိမ်း၊ အဖြတ်အတောက်၊ အသံထွက်ပုံများ၊ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာပြောကြားရေး၊ အစီအစဉ်အပြောင်းအလဲနှင့် ကြားဖြတ်ကြေညာခြင်းများ ထူးခြားသော အခမ်းအနားများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးအေးလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းကို နည်းပြသင်ကြားသူများဖြစ်သည့် ဒေါ်အေးလွင်၊ ဒေါ်အေးသင်း၊ ဒေါ်သီတာမြင့်၊ ဒေါ်သင်ရီနွယ်တို့က အခမ်းအနားများတွင် အခမ်းအနားမှူးများ ကြိုတင်ပြင်ဆင်ထားရမည့် အစမ်းလေ့ကျင့်မှု၊ အချိန်ကိုက်မှု၊ မိုက်ကရိုဖုန်းအသုံးပြုပုံများ၊ အခမ်းအနား ပြင်ဆင်ထားရှိမှု၊ အတူတွဲ၍ လုပ်ကိုင်ရမည့်သူများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရမှုများနှင့် အခမ်းအနား အမျိုးမျိုး အကြောင်းများကို စာတွေ့လက်တွေ့ သင်ကြားခဲ့ကြောင်းနှင့် သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ဆရာ/ဆရာမ (၁၈၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)