နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ ဩဂုတ် ၃

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည်  ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် တက်ရှိန်းကျေးရွာအုပ်စု၊ တက်သိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရာက်ကြသည်။

 တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်ပါက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာ ပေါများလာမည့် အပြင်ပိုလျှံစွာ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပပို့ကုန်များရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသည့် ပြည်ပဝင်ငွေများရရှိမှာ ဖြစ်ကြောင်း၊ နေပြည်တော်တွင် အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းလမ်း လေးရပ်ကို ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြာင်း၊ ယခုနှစ်မိုးစပါးရာသီတွင် အစို/အခြောက် မျိုးစေ့ချကိရိယာ Seeder များဖြင့် အသုံးပြု စိုက်ပျိုးသွား မည်ကို တောင်သူများအနေဖြင့်လည်း လိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ မျိုးစေ့ချကိရိယာ (Seeder) ကို အသုံးပြုခြင်းဖြင့် မျိုးစေ့ကုန်ကျမှုနှုန်းသက်သာစေခြင်း၊ ပေါင်းသတ်ဆေး/ပိုးသတ်ဆေးများ ဖြန်းရာတွင် လွယ်ကူခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ လွယ်ကူစေ၍ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းများ ကောင်းမွန်ကာ ဈေးကွက်ရရှိပြီး ပြည်ပသို့တင်ပို့ ရောင်းချနိုင်သည့်အတွက် တောင်သူများ၏ တစ်ဦးချင်း ဝင်ငွေများတိုးပွားလာကာ လူမှုစီးပွားဘဝမြင့်မားလားပြီး နိုင်ငံတော်၏ ဝင်ငွေများပိုမို တိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတော်မှ တောင်သူများ စိုက်ပျိုးထုတ်လုပ်နေသည့် သီးနှံစိုက်ခင်းများအတွက် အဓိကလိုအပ်လျက်ရှိသည့် သွင်းအားစုများကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများအတွက် ကူညီထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သီးနှံစိုက်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန် သီးထပ်၊ သီးညှပ်သုံးသီး အပြည့် စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ တောင်သူများအနေဖြင့် အတူတကွဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ဥတ္တရခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းဟန်က မြို့နယ်အတွင်း မိုးရာသီစိုက်ပျိုးသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ဒေသခံ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ ဓာတ်မြေဩဇာများကို ပေးအပ်ကာ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

 ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် တက်ရှိန်းကျေးရွာအုပ်စု၊ တက်ရှိန်းကျေးရွာရှိ ကွင်းအမှတ်-၁၈၉၉ တောင်သူ ဦးဇော်မင်းလွင် လယ်ယာမြေတွင်မြေပဲမျိုး တွန်နနီလေး ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ထွန်းနေမှုနှင့် ဆီစက်ပိုင်ရှင် ဦးနိုင်လင်းအောင်၏ ဆီစက်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် သရက်တော‌ ကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အသစ် ဆောက်လုပ်‌နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဆောက်အဦ ဆောက်လုပ်ရာတွင် သတ်မှတ် အရည် အသွေး ပြည့်မီစေရေး၊ ရေရှည်ခိုင်ခန့်စေရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ရေရှည်စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

ယင်းနောက် စိုက်ပျိုး၊ စီးပွားအသိပညာပေးစင်တာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)