မော်လမြိုင် သြဂုတ် ၃
မွန်ပြည်နယ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှ ကျောင်းသူများက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ပညာရေးတွင် အစဉ်အလာကောင်းသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ မွန်ပြည်နယ်မှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ပြည်နယ် ဂုဏ်ဆောင် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်အနေဖြင့် (၆)ဘာသာဂုဏ်ထူးရှင် (၄၆)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၄၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၆၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၉၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၅၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၄၄၇)ဦး၊ စုစုပေါင်း (၈၄၉)ဦး ဂုဏ်ထူးရရှိခဲ့ပြီးစနစ်သစ်သင်ရိုးရဲ့ စတင်တဲ့နှစ်မှာဘဲ ယခုလို (၆)ဘာသာဂုဏ်ထူးရှင်အများအပြား ပေါ်ထွက်လာတာကို များစွာဝမ်းမြောက်မိပါကြောင်း၊ သားငယ်၊ သမီးငယ်များအနေဖြင့်လည်း ပညာဆက်လက်သင်ယူတဲ့အခါမှာဖြစ်စေ၊ လုပ်ငန်းခွင်ကို အသီးသီးဝင်ရောက်ကြတဲ့အခါမှာဖြစ်စေ၊ ယဉ်ကျေးလိမ္မာရန်၊ ရိုးသားဖြောင့်မတ်ရန်၊ စိတ်ထားဖြူစင်ရန်၊ ကိုယ်ချင်းစာစိတ်ရှိရန် ပြည်သူ့နီတိနှင့်အညီ ပြုမူနေထိုင်တတ်ရန်၊ တာဝန်ယူမှုတာဝန်ခံမှု စိတ်ဓာတ်ရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်နေတဲ့ အရည်အသွေးမြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူရည်ချွန် လူရည်မွန်များအား အဆင့်တိုင်းတွင် မွေးထုတ်စေနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေးထား ပြီးဖြစ်တာနှင့်အညီ ဤပညာရေးစနစ် သက်ဝင်ရှင်သန် ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရေးပဉ္စဂံ ဖြစ်သည့် မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပညာရည်ချွန်ဆုရ တစ်နိုင်ငံလုံး ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးနှင့် (၆)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်တို့က လည်းကောင်း၊ (၅)ဘာသာ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး တို့က လည်ကောင်း၊ (၄)ဘာသာနှင့်(၃)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဝိဇ္ဇာဘာသာတွဲအမှတ်အများဆုံးရရှိသူများ၊ ဝိပ္ပံဘာသာတွဲအမှတ်အများဆုံးရရှိသူများနှင့် (၆)ဘာသာဂုဏ်ထူးရအောင်သင်ကြားပေးသောကျောင်း(၂၂)ကျောင်းမှ ဘာသာရပ်သင် ဆရာ၊ဆရာမများအား ပြည်နယ်ဥပဒေချုပ်ကလည်းကောင်း၊ စာဖြေသူ(၁၀)ဦးနှင့်အထက် ဖြေဆိုပြီး အောင်ချက် (၁ဝဝ) % ရရှိသောအခြေခံပညာကျောင်း (၂) ကျောင်း၊ အောင်ချက် အကောင်းဆုံးမြို့နယ် (၃)မြို့နယ် ဆုရရှိသူများ၊ မွန်ပြည်နယ်ပညာရေးဌာနနှင့် ဝိုင်း၀န်းကူညီပေးသော မော်လမြိုင်တက္ကသိုလ်အား မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တက်ရောက်လာသော အလှူရှင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ဆုရကျောင်းသားကျောင်းသူများ ကိုယ်စားဆုရရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြာခဲ့သည်။
ဆက်လက်၍ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှကျောင်းသား ကျောင်းသူလေးများက” ရသစုံလင်ကကြိုးသွင်”ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှ ကျောင်သားကျောင်းသူများက “ပညာရည်ထူးချွန် လူရည်မွန်”သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)