တာချီလိတ်မြို့၌ တောမီးလောင်ကျွမ်းမှု စောင့်ကြည့်လေ့လာရေးနည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်

တာချီလိတ် ဩဂုတ် ၃

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပူးပေါင်း၍ တောမီးလောင်ကျွမ်းမှု စောင့်ကြည့်လေ့လာရေးနည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် ထိုင်းနိုင်ငံမှ  ဗိုလ်မှူးကြီး Pitchet Punpeng ညွှန်ကြားရေးမှူး၊ စီမံရေးနှင့်စီမံကိန်းဌာန၊ နယ်စပ်ရေးရာဌာနတို့က အမှာစကားပြောကြားပြီး တောမီးလောင်ကျွမ်းမှုစောင့်ကြည့်ရေးအတွက် ကွန်ပျူတာ (၂) စုံ၊ LCD Screen 65 inches (၁) ခုနှင့် LCD Screen 55 inches (၂) ခုတို့ကို ဗိုလ်မှူးကြီး Pitchet Punpeng က ပေးအပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးသည်။

အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံမှ သင်တန်းသား (၁၈) ဦးတက်ရောက်ပြီး ထိုင်းနိုင်ငံမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သင်တန်းကာလ (၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)