ပင်လုံတက္ကသိုလ်တွင် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပင်လုံ ဩဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ်တွင် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှကြီးမှူး၍ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲ၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းက ပင်လုံတက္ကသိုလ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ အမှာစကားပြောကြားပါသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပင်လုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အလိုက် ဆရာ/ဆရာမများ၊ ပင်လုံတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ပအိုဝ်းတိုင်းရင်းသားလူငယ်များ တက်ရောက်ကြသည်။ ရှေးဦးစွာ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် ပအိုဝ်းအမျိုးသားအလံတို့ကို အလေးပြုကြပြီးနောက် ပင်လုံတက္ကသိုလ်ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပင်လုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းလွင်၊ ဒေါက်တာခင်လေးရီနှင့် ပင်လုံမြို့ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဋ္ဌတို့က အသီးသီးအမှာစကားပြောကြသည်။ ထို့နောက် ပင်လုံတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသားတစ်ဦးနှင့် ပထမနှစ်ကျောင်းသားတစ်ဦးတို့က ကြိုဆိုနှုတ်ဆက်ခြင်း၊ ကျေးဇူးတင်စကားများ ပြောကြားကြသည်။ ဆက်လက်၍ ပအိုဝ်းရိုးရာလက်မှုပစ္စည်းများ အမှတ်တရပေးအပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စာပေထူးချွန်ဆုရရှိသူများနှင့် အားကစားထူးချွန်ဆုရရှိသူများကို ပင်လုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ချီးမြှင့်ပြီး ‌အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး