ဗိုလ်တထောင်မြို့နယ် ပညာရာမိကမဟာ(အေ)ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီလှူဒါန်းမှု အခမ်းအနားကျင်းပ

ဗိုလ်တထောင်  ဩဂုတ်  ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ သိမ်ဖြူလမ်းရှိ ပညာရာမိကမဟာ(အေ) ကျောင်းတိုက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်က‌လေး‌ စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ စု‌ပေါင်းလှူဒါန်း‌သော ဆန်၊ဆီ လှူဒါန်းမှုအခမ်းအနားအား  ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံ‌တော်ဗဟို၀န်‌ဆောင်ဆရာတော် (သ.စ.အဓမ္မာစရိယ)ပါဠိပါရဂူ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တပညာသာရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်၀င်းကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့်အဖွဲ့၀င်(၂)ဦးအောင်မိုးကျော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊​မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများမှ ဗိုလ်တထောင်မြို့နယ်၊‌ မြောက်ဘက်ခြမ်း၌ ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းရှိ သံဃာတော်များအတွက် ဆွမ်းဆန်တော် (၅)အိတ်၊ ဆီ(၁၀)ပိဿာ၀င် (၅)ပုံး၊ စုစုပေါင်းလှူဒါန်း‌မှုတန်ဖိုးငွေ (၈၉၀၀၀ဝိ/-) (ရှစ်သိန်း ကိုးသောင်းကျပ်တိတိ)အား နိုင်ငံ‌တော်ဗဟိုသံဃာ့၀န်‌ဆောင်ဆရာ‌တော်နှင့်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်မှ ဆန်၊ ဆီ လှူဒါန်းမှုနှင့်ပတ်သက်၍ တင်ပြလျှောက်ထားခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသီလဝံသထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဓနာရေစက်ချတရားနာယူပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ၁၀နာရီခွဲအချိန်တွင်   ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်၀င်းကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်၊ အဖွဲ့၀င်(၂)ဦးအောင်မိုးကျော်၊ မြို့နယ်စည်ပင်မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်မိုးနှင့်၀န်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ တက်ရောက်ခဲ့သည်။

ခင်ဝင်း