မြစ်သား သြဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက် (၁၁၀)ဧကနှင့် အခြားသီးနှံစိုက် (၂၃) ဧကအတွက် ကုန်းရွာကျေးရွာအတွင်းရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်နီလာအေးက ယခင်နှစ် မိုးစပါးနှင့် အခြားသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ယခုနှစ် ၂၀၂၄-၂၀၂၅ မိုးစပါးနှင့် အခြားသီးနှံ စိုက်ပျိုးမြေ (၁၃၃)ဧက စိုက်ပျိုးနိုင်ရန်အတွက် ကုန်းရွာကျေးရွာအတွင်းမှ တောင်သူ လယ်သမား (၄၈)ဦးအား စုစုပေါင်းချေးငွေကျပ် (၁၈၈)သိန်း ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ( ၇ ) အမည်ပေါက်ပါရှိရမည်ဖြစ်ပြီး၊ ကျေးရွာအလိုက် ဖွဲ့စည်းပေးထားသည့် မိုးစပါးချေးငွေကော်မတီအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ပါရှိမှသာ ချေးယူခွင့်ရရှိပြီး စပါးစိုက်တစ်ဧကလျှင် တစ်သိန်းခွဲကျပ်နှင့် အခြားသီးနှံစိုက် တစ်ဧကလျှင် တစ်သိန်းနှုန်းဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)