မြစ်ကြီးနား သြဂုတ် ၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြည်သော မြို့ပြစနစ်များ ဖြစ်ထွန်းလာစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဘုရားကျောင်းကန်များ၊ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ မြစ်ကြီးနားမြို့ တပ်ကုန်း (ဧဒင်) ရပ်ကွက်အတွင်းရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများက အမှိုက်များကောက်ယူခြင်း၊ မြက်ရိတ်ခြင်း၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်နေမှုများကို ပါဝင်ဆောင်ရွက်ခဲ့ကြပြီး လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမကြီးမှ ဗလမင်းထင်သွားလမ်းပေါ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှု ထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ လမ်းဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် ရေဝတ်သည့်နေရာများအား ရေဆင်းကောင်းမွန်ရေး၊ ရေမြောင်းများ ဖောက်လုပ်ခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ စုပေါင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ထိုမှတစ်ဆင့်မန်ခိန်ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(မန်ခိန်)ကျောင်းဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျောင်းဝင်းအတွင်း ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် RC (၃)ထပ် အဆောက်အအုံသစ် တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း ဇူလိုင် ၂၅ ရက်နေ့က စတင်ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘောလုံးအသင်းနှင့် တရားဥပဒေဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားဝါသနာရှင် ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)