လမ်းမတော်မြို့နယ် UMFCCI ရုံးရှေ့တွင် ပြည်တွင်း မြေပဲဆီများ စျေးရောင်းပွဲတော်ကျင်းပ

လမ်းမတော် ဩဂုတ် ၃                           

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းပဉ္စမအကြိမ် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပြည်တွင်းမြေပဲဆီများ စျေးရောင်းပွဲကို ယနေ့နံနက်(၉) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ရှေ့တွင် ကျင်းပခဲ့သည်။ 

"ကျွန်တော်တို့ဒီနေမှာဆို​ ပြည်တွင်းမှထုတ်လုပ်တဲ့ အဆင့်ဆင့်သန့်စင်ပြီး FDA ခွင့်ပြုချက်ရရှိထားတဲ့ဆီတွေကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းဖြစ်ပါတယ်။ မြို့အလိုက်ဈေးကွက်မှာ နာမည်ရထားပြီးသား အမှတ်တံဆိပ်တွေဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်ထားတဲ့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတွေဟာဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီတွေဖြစ်တယ်ဆိုတာကို ပြည်သူတွေ သိစေခြင်းဖြစ်ပါတယ်။ ဒီအတွက်လည်း ပြည်တွင်းက ထုတ်တဲ့ဆီတွေကို ပြည်သူတွေဘယ်လောက် လိုအပ်ချက်ရှိမလဲဆိုတာတွေကိုလည်း သိချင်တာကြောင့် အခုလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပြည်တွင်းမှာထုတ်တဲ့ဆီတွေကို အသုံးပြုတာများလာတာနဲ့အမျှ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်သလို ပြည်တွင်းမှာလည်း အလုပ်အကိုင်အခွင့်လမ်းတွေပိုမိုရရှိလာမှာပါ"ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ(၂)ဦးဆန်းထွန်းလွင်က ပြောသည်။

အဆိုပါစျေးရောင်းပွဲတော်တွင် မြန်မာနိုင်ငံ၏ အရည်အသွေးအကောင်းဆုံး အမှတ်တံဆိပ်များ စုပေါင်းရောင်းချခြင်းဖြစ်ပြီး မြေပဲဆီတစ်ပိဿာဘူး တစ်ဘူးလျှင် ငွေကျပ် ၁၇၀၀၀ နှုန်းဖြင့် ရောင်းချပေးနေပြီး မည်သူမဆိုလာရောက်ဝယ်ယူနိုင်ကြောင်းနှင့် ပြည်တွင်းမြေပဲဆီများ စျေးရောင်းပွဲတော်ကို ဩဂုတ်လ ၃ ရက်မှ ၄ ရက်နေ့အထိ နံနက်(၉)နာရီမှညနေ (၃)နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်