ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက တော်လန်းကျေးရွာ အ-ထ-က ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေအကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဒေါ်နွယ်နွယ်အေးက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း၊ (Online Sale)လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍  သိကောင်းစရာအကြောင်းအရာများလည်းကောင်း၊  မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ လက်ထောက်ဆေးခန်းမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာကိုလည်းကောင်း ဟောပြောပြီး တော်လန်းကျေးရွာအ-ထ-ကကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇာလှိုင်က ကျေးဇူးတင်စကားပြန်လည်း  ပြောကြားခဲ့ကြောင်း  သိရသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသား/သူ(၂၀၀)ဦး တက်ရောက်ကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)