စစ်တွေမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ

စစ်တွေ ဩဂုတ် ၃

စစ်တွေမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းသည်  ကျန်းမာရေးဝန်ကြီးဌာနမှ ဗဟိုကွင်းဆင်းအဖွဲ့နှင့် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေအကျဉ်းထောင်နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ကြသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ဗဟိုနှင့်ပြည်နယ် ကျန်းမာရေးကွင်းဆင်းအဖွဲ့များသည် စစ်တွေအကျဉ်းထောင်သို့သွားရောက်ပြီး အကျဉ်းထောင်တာဝန်ခံ၊ အကျဉ်းထောင်ဆရာဝန်၊ အကျဉ်းထောင်ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန်မှာကြားခြင်း၊ အကျဉ်းသားများအားတွေ့ဆုံကာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အကျဉ်းထောင်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများ၊ ကျန်းမာရေးအသိပညာပေး ဆောင်ရွက်နေမှုများ၊ သန့်ရှင်းသော အစားအသောက်နှင့် သောက်သုံးရေရရှိရေး စီစဉ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ပြည်နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပြီး ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောခြင်း၊ မိုးရာသီဖြစ်၍ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အခြားကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုမရှိစေရေး အသိပညာပေးဟောပြောခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများကို  ဆောင်ရွက်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်လူမှုရေးရာ ဝန်ကြီးဦးဆောင်၍ စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ပြည်နယ်အဆင့်လုပ်ငန်းအဖွဲ့ (၁၅) ဖွဲ့မှ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့မှုများကို ဆန်းစစ်သုံးသပ်ခြင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် လိုအပ်သောနေရာများ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စသည့်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ ရွေ့လျားဆေးခန်းများဖွင့်လှစ်ပြီး ဆေးကုသပေးမှုများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)