တောင်ကြီး သြဂုတ် ၃
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာအပြည့်ဖြင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းများ၊ ပြည်နယ်စည်ပင်သာယာရေးဌာနမှဝန်ထမ်းများ၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှဝန်ထမ်းများက စားသောက်ဖွယ်ရာများ ပြင်ဆင်ထုတ်ပိုးနေမှုများကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ခေါက်ဆွဲခြောက် (၅၀၀၀)၊ ငါးသေတ္တာ(၃၀၀၀)၊ ကော်ဖီမစ်(၅၀၀၀)၊ သီးစုံဓါတ်ဆားထုတ်(၅၀၀၀)၊ ပဲပုတ်ကြော်(၂၀၀၀)၊ ငါးကလေးကြော်(၂၀၀၀)၊ ဆေးလိပ်အထုတ်(၁၀၀၀)၊ လက်ဖက်ထုတ်(၅၀၀၀)၊ ချိုချဥ် အထုတ်(၁၀၀၀)၊ ချောင်းဆိုးပျောက်ဆေး(၃၀၀၀)၊ မဟာဖြေဆေး(၃၀၀၀)၊ ငါးပိထောင်း (၅၀၀၀) နှင့်(၁၂)မျိုးပါ အထုတ်(၁၀၀၀)တို့ကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စားသောက်ဖွယ်ရာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်မတော်လေယာဥ်၊ ရဟတ်ယာဥ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)