သုံးခွ သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အ-ထ-က (၂) ကျောင်းခန်းမတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စခန်းမှူး ဒုရဲမှူးတင်ထွဠ်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်းကို အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူငယ်နှင့်စာပေ၊ မြို့နယ်ကင်းထောက်အဖွဲ့မှ ဆရာမ ဒေါ်မိုးမိုးမြင့်က ကင်းထောက်လူငယ်အဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်း အရာများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးခုပ်စွမ်းခိုင်က မြန်မာ့ရိုးရာအားကစား ခေါင်းစဥ်ဖြင့် အသီးသီးဟောပြောခဲ့ကြပြီး မြန်မာ့ရိုးရာလက်ဝှေ့သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အ-ထ-က (၂) ကျောင်းအုပ်ဆရာမကြီးထံ အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ရိုးရာလက်ဝှေ့သရုပ်ပြအဖွဲ့အား တာဝန်ရှိသူများက ဆုတော်ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတရသစာအုပ်များနှင့် နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)