မိုင်းယု ဩဂုတ် ၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ဇူလိုင် ၂၉ ရက်နေ့မှ ဩဂုတ် ၁ ရက်နေ့ထိ မိုးသည်းထန်စွာ အဆက်မပျက် ရွာသွန်းမှုကြောင့် မြို့အနီးရှိ နမ့်လွေချောင်းရေကြီးမှု ဖြစ်ကာ တောင်သူ (၁၄၈)ဦးတို့၏ စိုက်ပျိုးသီးနှံစုစုပေါင်း(၁၆၅)ဧက ရေကြီးနစ်မြုပ်ခဲ့ရသည်။
အဆိုပါ ရေကြီးနစ်မြုပ်သည့် မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများရှိ တောင်သူတို့၏ ရေကြီးနစ်မြုပ် စိုက်ခင်းများသို့ မြေစာရင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုင်းအောင်ခမ်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့၊ ရပ်ကျေးစာရေးများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အဖွဲ့မှ ဩဂုတ် ၂ရက်နေ့က ကွင်းဆင်း စစ်ဆေးစာရင်း အတည်ပြုကောက်ခဲ့ကြသည်။
ယင်း မိုင်းယုမြို့၌ ဇူလိုင် ၂၉ ရက်နေ့မှ ဩဂုတ် ၁ ရက်နေ့ထိ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့ကြသည့် သီးနှံများမှာ မိုင်းလွေကျေးရွာအုပ်စုတွင် မိုးအစေ့ ထုတ်ပြောင်း ၁၅၀ ဧက၊ ဒွန်းနွဲ့ကျေးရွာအုပ်စုတွင် မိုးစပါး ၅ ဧကနှင့် မိုးအစေ့ထုတ်ပြောင်း ၁၀ ဧကတို့ ရေကြီးနစ်မြုပ်ခဲ့ရပြီး ရေကျချိန်တွင် သီးနှံထိခိုက်၊ ပျက်စီးမှုနှင့် ပြန်လည် စိုက်ပျိုးနိုင်မည့် အခြေအနေများကို စာရင်းထပ်မံပြုစုသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကိုကိုနိုင်