တွံတေး သြဂုတ် ၃
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာအကအခြေခံကဗျာလွတ် ခရိုင်အဆင့် ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်စမ်းရီက ကဗျာအလွတ်အကနှင့် ပတ်သတ်၍ လိုအပ်သည်များ လမ်းညွန့်မှာကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် အမှတ်ပေးဒိုင်းအဖွဲ့မှ အမှတ်ပေးစည်းမျဥ်းများ ပြောကြားကာ ပြိုင်ပွဲကို ကျင်းပခဲ့ရာ တွံတေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ် (၅)မြို့နယ်မှ မြန်မာအက အခြေခံကဗျာလွတ် အကကျောင်းပေါင်း(၆)ကျောင်း ယှဥ်ပြိုင်ကြကြောင်း သိရသည်။
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ ပထမဆုကို ထန်မနိုင် အ.ထ.က ကော့မှူးမြို့နယ်၊ ဒုတိယဆုကို အ.ထ.က(၁) ဒလမြို့နယ်၊ တတိယဆုကို အ.ထ.က(၁) တွံတေးနှင့် နှစ်သိမ့်ဆုများကို တန်းလျားလေး အ.ထ.က(ခွဲ)(တွံတေး)၊ အ.ထ.က ဆိပ်ကြီးခနောင်တို၊ အ.ထ.က ကွမ်းခြံကုန်းမြို့နယ်တို့မှ ဆုများ ရရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူအသီးသီးက ဆုများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)