မုဒုံမြို့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ ၄၂ ရွာရှိ တောင်သူများအား ထုတ်ချေးပြီးစီး

မုဒုံ သြဂုတ် ၃

မွန်ပြည်နယ် မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို မေလတတိယအပတ်မှ စတင်ထုတ်ပေးခဲ့ရာ ယခုအခါတွင် ကျေးရွာ ၄၂ ရွာရှိ တောင်သူများအား ထုတ်ချေးပြီစီးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာက  တောင်သူများ လိုက်နာရမည့် စည်ကမ်းချက်များ၊ ချေးငွေထုတ်ချေးမှုနှုန်းထား၊ ချေးငွေပေးဆပ်ရမည့် ကာလတွင်အချိန်မီ ပေးဆပ်နိုင်ရေးနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) အကြောင်းအရာများကို တောင်သူများအား ရှင်လင်းပြောကြားခဲ့ပြီး ယခင်နှစ်များက ချေးငွေများ အပြေအကျေပြန်လည်ဆပ်ပြီးသည့် တောင်သူများကို တစ်ဉီးလျှင် လယ်တစ်ဧက ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် လယ် ၁၀ ဧကအထိ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၄၂) ရွာမှ တောင်သူ  ၂၇၄၁  ဉီး၏  လယ်ဧက  ၂၀၉၉၄  ဧကအတွက် ချေးငွေ စုစုပေါင်း ၃၁၄၉၁ သိန်းကို သတ်မှတ်ရက်များအလိုက် လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)