ရန်ကုန် ဩဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၁၆) ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ကျင်းပရာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်နှင့်၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနန်းချစ်ဦးက “ငွေကြေးခဝါမှုနည်းပုံစံ” များဖြစ်သည့် အိမ်ခြံ/မြေ/မော်တော်ယာဉ်စသည့် အဖိုးတန်ပစ္စည်းများဝယ်ယူခြင်း၊ ငွေကြေးလဲလှယ်ခြင်းနှင့် ငွေသားပြောင်းလဲခြင်း၊ တရားဝင်နှင့်တရားမဝင် ငွေကြေးများကို ရောနှောပြသခြင်း၊ အမည်ခံ/ဘဏ္ဍာထိန်း/မိသားစုဝင်/တတိယအဖွဲ့အစည်းများအသုံးပြုခြင်း၊ သဏ္ဍာန်ဆောင်ကုမ္ပဏီများကို အသုံးပြုခြင်း၊ ငွေဆက်သားကို အသုံးပြုခြင်း၊ ကုန်သွယ်မှုအသုံးပြုခြင်း၊ လောင်းကစား (ထီ) အသုံးပြုခြင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကိုအသုံးပြုခြင်း စသည်များကို သင်ကြားပို့ချပေးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းများကို လစဉ်ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)