မြစ်ကြီးနား သြဂုတ် ၂
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်နှင့်အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ရှိ တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကချင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်ဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် မြစ်ကြီးနားယဉ်ကျေးမှုပြတိုက် တိုးချဲ့အဆောက်အအုံ (၆၀ ပေ × ၁၂၀ ပေ × ၃၂ ပေ) × (၄၂ပေ × ၂၀ပေ× ၁၂ပေ)ရှိ အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီးအခန်းများအတွင်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဒြပ်ရှိ၊ ဒြပ်မဲ့ပစ္စည်းများ ခင်းကျင်းပြသသွားမည့် အခြေအနေများနှင့် ခေတ်မီအဆင့်မြင့် နည်းပညာပစ္စည်းများအသုံးပြု၍ ခင်းကျင်းဆင်ယင်ပြသနိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပြသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ရှင်းလင်းဆောင်၌ အဆောက်အဦသစ်တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် ဖြည့်စွက်ဆောင်ရွက်သွားမည့် တည်ဆောက်ရေးလုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်း ယခင်မြို့တော်ခန်းမဟောင်း မြေနေရာ၌ ခေတ်စနစ်နှင့်လျော်ညီပြီး ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပုံစံကို ပိုမိုပေါ်လွင်သော အဆောက်အအုံသစ် ဖြစ်ပေါ်လာစေရေး ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၈၈ သန်းဖြင့် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိသည့် အဆောက်အအုံသစ် တည်ဆောက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ လုပ်ငန်းခွင်အတွင်းရှိ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များက မြို့တော်ခန်းမသစ်တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ကြက်ပေါင်ခြံရပ်ကွက်အတွင်းရှိ ကတ်သလစ်အသင်းတော်ပိုင် ဘဝသစ်ပြန် လည်ထူထောင်ရေးဂေဟာဝင်းအတွင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ပထမနှစ်စက်ဝန်း ချေးငွေ မတည်ပေးမှုဖြင့် မွေးမြူရေးတောင်သူအစုအဖွဲ့ (၁၀)ဦးတို့၏ နွားမွေးမြူရေးခြံသို့သွားရောက်ပြီး နို့စားနွားမွေးမြူခြင်းလုပ်ငန်း ဖြစ်ထွန်းအောင်မြင်တိုးပွားလာမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဂေဟာအတွက် ထောက်ပံ့ငွေများနှင့် မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်၏ အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ပြည်နယ်မှ အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုူရရှိရေးအတွက် အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာကြံ့ခိုင်ပြီး အားကစားထူးချွန်သည့် လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ရေးနှင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့ ကချင်ပြည်နယ်၏ အားကစား အဆင့်အတန်းသည် ယခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဒုတိယအဆင့်၌ ရပ်တည်လျက်ရှိပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ ပဉ္ဇမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ကချင်ပြည်နယ်မှ အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရေး အားကစားနည်းအလိုက် စနစ်တကျရွေးချယ်စုဖွဲ့၍ လေ့ကျင့်ယှဉ်ပြိုင်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်ချက်များ တင်ပြဆွေးနွေးကြရေးနှင့် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အမျိုးသားအားကစား ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အစီအစဉ်များနှင့် ကြိုတင်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အမျိုးသားအားကစားပွဲတော်၌အားကစားနည်း(၂၁)နည်းဖြင့်ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အစီအမံများကိုလည်းကောင်း၊ အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးအလိုက် တာဝန်ရှိသူများက ကြိုတင်လူရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ အခက်အခဲများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်အကြုံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြှင့်မားလာစေရေးနှင့် အမျိုးသားအားကစားပွဲတော်တွင် အောင်မြင်မှုများရရှိရေးအားက စားနည်းအလိုက် စနစ်တကျစုဖွဲ့၍ လေ့ကျင့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဆပ်ကော်မတီ တာဝန်ရှိသူများအကြား ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)