သာစည် ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း(အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်းတွင် စတင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အုပ်စု(က)မှ အမှတ်(၁)ရပ်ကွက်အသင်းနှင့်ကြာဘက်ကုန်းကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားရာ အမှတ်(၁)ရပ်ကွက်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ ၎င်းဘောလုံးပြိုင်ပွဲတွင် အသင်း ၁၆ သင်းပါဝင်ပြီး အုပ်စုလေးစုခွဲထားကာ အုပ်စု(က)တွင် ကြာဘက်ကုန်း၊ မဲတော၊ မြင်းကွက်နှင့် အမှတ်(၁)၊ အုပ်စု(ခ)တွင် ရွာပုလဲလေး၊ အမှတ်(၃)၊ ညွှန့်ပေါင်းနှင့်စိုက်ပျိုးရေး၊ အုပ်စု(ဂ)တွင် အုတ်တွင်း၊ ဘုရားငါးဆူ၊ ရွာကြီးနှင့်လှိုင်းတက်၊ အုပ်စု(ဃ)တွင် အုတ်ကျင်း၊ နွားထိုး၊ ဆင်ရွာနှင့် ရွာပုလဲကြီးကျေူးရွာအသင်းများ ပါဝင်ကြောင်း သိရသည်။ ဘောလုံးပြိုင်ပွဲကို တစ်လကျော် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ တတိယနေရာလုပွဲကို စက်တင်ဘာ ၃ ရက်နေ့နှင့်ဗိုလ်လုပွဲကို စက်တင်ဘာ ၄ ရက်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမဆုကို ဆုဖလား၊ ရွှေတံဆိပ်လည်ဆွဲနှင့် ဆုငွေ၇သိန်းကျပ်၊ ဒုတိယဆုကိုငွေတံဆိပ်လည်ဆွဲနှင့် ဆုငွေ ၅ သိန်းကျပ်၊ တတိယဆုကို ကြေးတံဆိပ်လည်ဆွဲနှင့် ဆုငွေ ၃ သိန်းကျပ်နှင့် နေရာအလိုက်အကောင်းဆုံးဆုများကိုလည်း တစ်ဆုလျှင် ဆုတံဆိပ်နှင့်ဆုငွေငါးသောင်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးဝင်းထွန်းဦးထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)