ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

ပင်းတယ ဩဂုတ် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျောက်ဆောင်ကျေးရွာအနီး အောင်ပန်း - ပင်းတယ - ရပ်စောက်ကားလမ်းမကြီး ဘေးဝဲ/ယာတစ်လျှောက်နှင့် မြင်းမူးကျေးရွာအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စုပေါင်းသစ်ပင်စိုက်ပျိုးအား ပင်းတယမြို့နယ်၊ ကျောက်ဆောင်ကျေးရွာအနီး၊ အောင်ပန်း - ပင်းတယ - ရပ်စောက်ကားလမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်ခဲ့ရာဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက စိုက်ပျိုးရန် သစ်ပင်များကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီး၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများနှင့် အတူ စိန်ပန်းနီ (၂၄၀) ပင်၊ စိန်ပန်းပြာ (၂၄၀) ပင်၊ ချယ်ရီ (၂၄၀) ပင် စုစုပေါင်း (၇၂၀) ပင်တို့အား လမ်းဘေးဝဲ/ယာတစ်လျှောက်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့သည် မြင်းမူးကျေးရွာအဝင် လမ်းဘေးဝဲ/ယာတစ်လျှောက်နှင့် စာသင်ကျောင်းအတွင်း၌ ထင်းရှူး (၂၅)ပင်၊ စိန်ပန်းပြာ(၇၀)ပင်၊ မျောက်ငို(၇၀)ပင်၊ အော်ရေးရှား (၆၀)ပင်၊ ပနားမားငု (၈၀)ပင်၊ ခါတော်မီ (၆၀)ပင်၊ ယူကလစ်(၂၀)ပင်၊ စုစုပေါင်း (၃၈၅) ပင်အား(၁)အိမ်ထောင် (၁)ပင်နှုန်းဖြင့် ကျေးရွာသူ/ကျေးရွာသားများနှင့် ကျောင်းသား/ကျောင်းသူများစုပေါင်း၍ စိုက်ပျိုးနေ မှုအခြေအနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး မြင်းမူးကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အတွက် အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အဆိုပါကျေးရွာအတွင်း တည်ဆောက်မည့် စာကြည့်တိုက်မြေနေရာအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့သည် မြင်းမူးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ကျေးရွာနေပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)