တံတားဦးမြို့နယ် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

တံတားဦး ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ(၂)နာရီက တံတားဦးမြို့နယ် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံပြီး အားပေးစကားပြောကြားကာ စိုက်ပျိုးရေးဘာသာ သင်ကြားပေးနေသော ဆရာ/မ(၇)ဦးအတွက် တစ်ဦးလျှင် ဆန်(၄)ပြည်၊ ကြက်ဥ(၂၀)လုံးနှင့် ခြောက်ဆွဲခြောက်ထုပ်(၅)ထုပ်စီကိုလည်းကောင်း၊ စိုက်ပျိုးရေးဘာသာ တက်ရောက်ပညာသင်ယူနေသော ကျောင်းသား/သူ(၅)ဦးအတွက် တစ်ဦးလျှင် ဗလာစာအုပ် (၁)ဒါဇင်၊ ဘော့ပင်(၆)ချောင်းနှင့် ငွေကျပ်(၁၀၀၀၀)စီတို့ကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည် ။

ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးသည် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆီထွက်သီးနှံအထူးဇုန် တိုးတက်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး တောင်သူများအား ဆီထွက်သီးနှံတိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝသော သီနှံများရရှိရေး၊ မြေဆီကောင်းမွန်ရေးအတွက် သဘာဝမြေဩဇာကို ထည့်သွင်းအသုံးပြုရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဆီထွက်သီးနှံအထူးဇုန်တွင် ပါဝင်သောတောင်သူများအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ဧက(၃၀)စာနှင့် နေကြာမျိုးစေ့ ဧက(၁၀၀)စာတို့ကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းနှင့် တောင်သူများ၏ ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။  

ရဲတင့်(ပြန်/ဆက်)