ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်းပြီး ဆောင်ဆောင်အသစ်ဆောက်လုပ်ပေးသွားမည်

ကျောက်ဆည် ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ကျောင်းအဆောင်များ၊ ခြံဝန်းများ၊ ကျောင်းအတွင်းကွန်ကရစ်လျှောက်လမ်းများ၊ ရေသန့်စက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး (၂၀၂၄-၂၀၂၅)ခုဘဏ္ဍာနှစ်၌ ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်အသစ်ဆောက်လုပ်ပေးနိုင်ရေး အန္တရာယ်ရှိကျောင်းဆောင်တစ်ဆောင်အား ဖျက်သိမ်းလျက်ရှိကြောင်း သိရသည်။

ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသည် ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အလျား(၃၈၂)ပေ၊ အနံ(၁၁၂)ပေ၊ ဧရိယာ(၀.၉၁) ကျယ်ဝန်းပြီး အလျား(၅၄)ပေ၊ အနံ(၁၈)ပေ၊အမြင့်(၁၆)ပေရှိ အဆောင်(၁)၊ အလျား(၂၈)ပေ၊ အနံ(၁၄)ပေ၊ အမြင့်(၁၂)ပေရှိ အဆောင်(၂) အလျား(၆၀)ပေ၊ အနံ(၃၀)ပေရှိ ကံ့ကော်အဆောင်၊ စုစုပေါင်း စာသင်အဆောင်(၃)ဆောင်ဖြင့် ပညာသင်ကြားလျက်ရှိကြောင်းနှင့် အလျား(၂၈)ပေ၊ အနံ(၁၄)ပေ၊ အမြင့်(၁၂)ပေရှိ အဆောင်(၂)သည် (၁၉၇၅)ခုနှစ်၌ ဆောက်လုပ်ခဲ့ပြီး နှစ်ကာလကြာမြင့်ပြီး အကြောင်းအမျိုးမျိုးကြောင့် အန္တရာယ်ကျောင်းအဆောင်အဖြစ်သို့ ရောက်ရှိခဲပြီး အဆိုပါအန္တရာယ်အဆောင်အား ဖျက်သိမ်းပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာယူနိုင်ရေး နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၅၅၉.၁၈၃)ကျပ်သန်းဖြင့် အလျား(၆၀)ပေ၊ အနံ(၃၀)ပေ Steel Structure ကျောင်းအဆောင်အသစ် (၁)ဆောင် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ခု ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ(၁၀၂)ဦး  ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။  

သက်မောင်