ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ငါန်းဇွန် ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသောဆေးဝါးများ အသုံးပြုနိုင်ရန် ယနေ့နံနက်၈နာရီခွဲက မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးတွေ့ရှိရသော စံမညီ Batch No ဖြင့် ဆေးဝါးများကို ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်း ငြင်းပယ်ခဲ့ရာ ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန် ၎င်းစံမညီဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် Batch No ဖြင့် စံမညီဆေးဝါး(၃)မျိုးအား ရောင်းချမှုမရှိစေရန်၊ ကွင်းဆင်းစစ်ဆေးပြီး ဆေးဆိုင်တာဝန်ရှိသူများအား အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)