ကျိုက်မရော သြဂုတ် ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၂၅ ရက်နေ့မှ ယမန်နေ့နံနက်အထိ မြစ်ရေများသည် မြို့နယ်မီးသတ်ရုံးမှ ကြက်ခြေနီအသင်းရုံးကြားရှိ လမ်းပိုင်းနေရာတွင် ပေ ၅၀၀ ခန့် ရေအနက် ၂ ပေခွဲခန့် လမ်းရေကျော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မူဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ စာရေးကိရိယာများ ရေစိုပျက်စီးမှုမရှိစေရန်နှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရန်အတွက် မြို့နယ်မီးသတ်ဦးစီး ဦးတင်သောင်းဦးနှင့် အရန်မီးသတ်တပ်ဖွဲ့များ၊ ဖြူစင်နှလုံးသားပရဟိတလူငယ်အဖွဲ့များက လှေများဖြင့် နံနက် ၇ နာရီမှစတင်ကာ အကြိုအပို့ပြုလုပ်ပေးလျက်ရှိ ကြောင်းသိရသည်။
ကျိုက်မရောမြို့နယ်အနေ့ဖြင့် မိုးများပြီး အတ္တရံမြစ်ရေမြင့်တက်မှုကြောင့် ရေနစ်မြုပ်သည့်ဒဏ်ကို ခံစားနေရသော်လည်း ဒေသခံပြည်သူများအနေဖြင့် ရေဘေးဒဏ်မခံရစေရန်အတွက် ကြိုတင်ပြင်ဆင်ထားကြခြင်း၊ ခြေတံရှည်နေအိမ်များဖြင့် ဆောက်လုပ်နေထိုင်ကြသူများဖြစ်ကြ၍ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်စရာမလိုအပ်ပဲ အေးချမ်းစွာနေထိုင်လျက်ရှိကြောင်း ရေနစ်မြုပ်သည့် ရှင်စောပုရပ်ကွက်မှ ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)