မော်လမြိုင် သြဂုတ် ၂
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ်(၁၁/၂ဝ၂၄)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ကျရာဒေသတာဝန်ထမ်းစို့" သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဉီးအောင်ကြည်သိန်းက လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်းကို မောင်မယ်တို့ ကောင်းမွန်အောင်မြင်စွာ တက်ရောက်ပြီးစီးတဲ့အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးသည် အခြေခံအကျဆုံး အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ “ယနေ့လူငယ်နောင်ဝယ်လူကြီး”ဆိုတဲ့ ဆိုရိုးစကားအတိုင်း အရည်အချင်း ပြည့်ဝသည့်လူငယ်များစွာကို မွေးထုတ်ပေးနိုင်ပါမှ နောင်အနာဂတ် နိုင်ငံတော်ကြီး ပိုမိုစည်ပင်ဖွံ့ဖြိုးတိုးတက်မှာ ဧကန်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ဟာ အမိကျောင်းတော်ကြီးက သင်ကြားပေးလိုက်သည့် ဆရာအတတ်ပညာကို စာတွေ့နှင့် သရုပ်ပြသင်ကြားပြသခြင်းကို ကောင်းစွာခံယူပြီးသော်လည်း လုပ်ငန်းခွင်မဝင်ခင် မိမိရပ်ရွာမှ လက်တွေ့တန်းပြ သင်တန်းဆင်းရဦးမယ်လို့ သိရပါကြောင်း၊ စာတွေ့လက်တွေ့ပေါင်းစပ်ပြီး အခြေခံပညာကဏ္ဍအတွက် လိုအပ်နေသည့် ဆရာအရည်အသွေး ပြည့်ဝသော ဆရာတစ်ယောက်အဖြစ် နိုင်ငံ့တာဝန် ကျေပွန်စေချင်ပါကြောင်း၊ လူတိုင်းအခြေခံပညာကို သင်ယူခွင့်ရရှိအောင် ဆောင်ရွက်ရာမှာ အဓိကကျသည့်တာဝန်ကို ထမ်းဆောင်ရမဲ့ ဘွဲ့ရလုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်းသား၊ သင်တန်းသူများကို အရည်အချင်းရှိသည့် ဆရာ၊ ဆရာမတွေဖြစ်အောင် ကြိုးစားကြဖို့ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် ၂၁ ရာစုကျွမ်းကျင်မှုများကို သင်ကြားပို့ချပေးနိုင်သူ၊ ကလေးများအပေါ်မှာ မှန်ကန်သည့် စိတ်ထားနှင့် သင်ကြားပြသတတ်သူ၊ ဆရာကောင်း၊ ဆရာမွန်များအဖြစ် အမိနိုင်ငံတော်ကြီး၏ ပညာရောင်ခြည်ထွန်းတောက်လာအောင် အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်မိညိုညိုရှိန်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ဆုရသင်တန်းသား၊ သင်တန်းသူများအား မွန်ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ကျောင်းသူလေးများက “ရွှင်လန်းနိုင်ပါစေ” သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ “မင်္ဂလာပါ” သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ "ပြည်ထောင်စုအင်အား"သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ "အလှကမ္ဘာမြေ" သီချင်းဖြင့် တင်ဆက်ကပြဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာကြသော သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)