သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး နောင်တရားဒေသအတွင်းရှိ သမဝါယမအသင်းသားများနှင့် တွေ့ဆုံ

နောင်တရား ဩဂုတ် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု နောင်မွန်းကျေးရွာ၌ ရွှေတက်တိုးနွားမွေးမြူရေးသမဝါယမအသင်းသားများနှင့် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က ရွှေတက်တိုးနွားမွေးမြူရေးသမဝါယမအသင်းသားများ၏ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက မွေးမြူရေးလုပ်ငန်းတိုးတက် ဆောင်ရွက်နေမှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးအခြေအနေများကို ဆွေးနွေးသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သမဝါယမအသင်း သားများ စုပေါင်းဆောင်ရွက်နေမှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နောင်မွန်းကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးသည်။ ထို့နောက် ရွှေတက်တိုး နွားမွေးမြူရေးလုပ်ငန်းမှ အသင်းသားတစ်ဦးက မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးခဲ့သည်။ နောင်မွန်းကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သောက်သုံးရေ၊ ကုန်ထုတ်လမ်း၊ မွေးမြူရေးနွားနှင့် ကျေးရွာအဝင် ကတ္တရာလမ်းစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးထားကြောင်းသိရသည်။

မွန်လွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နောင်တရားမြို့ တန် ၂၀၀၀ ဆန့်အာလူးအအေးခန်းစက်ရုံလည်ပတ်နေမူအခြေအနေနှင့် တောင်သူများတစ်နိုင်တပိုင် အသုံးပြုနိုင်မည့် တန် ၄၀ ဆန့် အအေးခန်းလည်ပတ်နေမှုအခြေအနေကို ကြည့်ရူသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် နောင်တရားသဘာဝမြေဩဇာစက်ရုံ လည်ပတ်နေမှုအခြေအနေကို ကြည့်ရူခဲ့ပြီး တစ်သျှူးကာချားနည်းဖြင့် အာလူးမျိုးထုတ်လုပ်နေသည့်အခြေအနေကို ကြည့်ရူသည်။ ဒုတိယဝန်ကြီးနှင့် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားများ၊ ငရုတ်စိုက်တောင်သူအသင်းသားများနှင့်တွေ့ဆုံပြီး သမဝါယမအသင်းသားများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြ ကြသည်။ 

ထို့နောက် ဒုတိယဝန်ကြီးက သမဝါယမအသင်းသားများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)