အင်းစိန်ခရိုင်အတွင်း၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဩဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်အတွင်း၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း(စက်၊စိုက်၊မွေး)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားပြီး အင်းစိန်ခရိုင်ပညာရေးမှူး ဒေါက်တာသင်းမာလာက ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆုချီးမြှင့်ပွဲတွင် အင်းစိန်ခရိုင်အတွင်းရှိ အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များရှိ အခြေခံပညာကျောင်းများမှ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် (၄)ဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၅၆)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးအဆင့် ဝိဇ္ဇာဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ (၃)ဦးတို့ကို အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့်အဖွဲ့ဝင်များ၊ အင်းစိန်ခရိုင်ပညာရေးမှူး ဒေါက်တာသင်းမာလာနှင့် မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အင်းစိန်ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မင်းမင်းထွေးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အင်းစိန်ခရိုင်အတွင်းရှိ အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း၊ ရွှေမိုးတွေရွာသီချင်း၊ လက်ပံပွင့်ကောက်သီချင်း၊ မြနန္ဒာသီချင်းနှင့် ဇာတိမာန်သီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး သီဆိုဖျော်ဖြေခဲ့ကြသူများအား  အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)