မြစ်ကြီးနား သြဂုတ် ၂
ကချင်ပြည်နယ် ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပ်ရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် မုတ်လွဲကျေးရွာတို့မှ အုပ်ချုပ်ရေးမှူများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဝိုင်းမော်မြို့သည် နယ်စပ်ကုန်စည်စီးဆင်းရာ လမ်းမကြီးပေါ်တွင်တည်ရှိပြီး တိုးတက်ဖွံ့ဖြိုးမှု မြန်ဆန် သည်နှင့်အမျှ သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့တစ်ခုအနေဖြင့် လုပ်ဆောင်၍မရသကဲ့သို့ အများပြည်သူ ပူးပေါင်းပါဝင်မှသာ ပိုမိုဖွံ့ဖြိုးတိုးတက်သည့် မြို့ပြစနစ်အဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ပွင့်လင်းရင်းနှီးစွာ တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းက ရေကြီးရေလျှံမှုဖြစ်ပွားပြီး အမှိုက် သိမ်းဆည်းမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဂျွန်ဇယ်က စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် နေ့စဉ်၊ အပတ်စဉ် လှည့်လည်မှု ဖြင့် အမှိုက်သိမ်းနေမှု အခြေအနေများ၊ ဝန်ထမ်းအင်အားနှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက အမှိုက်များ စုရပ်ဖြင့် စွန့်ပစ်နေမှု အခြေအနေများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်းက အကြုံပြုသုံးသပ် တင်ပြသည်။
ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရေး လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ပံ့ပိုးဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)